အရိုးမှာဖြစ်တဲ့ ကင်ဆာ
တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ အရိုးမှာလည်း ကင်ဆာဖြစ်တတ်ပါတယ်။ အရိုးကင်ဆာခံစားရတဲ့သူ အများကြီးရှိပေမယ့် တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာစဖြစ်ပြီး ဦးနှောက်၊ အသည်း၊ အဆုတ်အပါအဝင် အရိုးကို ပျံ့လာတဲ့ ကင်ဆာက ပိုမိုများပြားပြီး အရိုးမှာ စဖြစ်တဲ့ ကင်ဆာရောဂါက တခြားကင်ဆာရောဂါတွေလောက် ဖြစ်နှုန်းမများပါဘူး။
အခုပြောပြပေးမှာက အရိုးမှာ စဖြစ်တဲ့ အရိုးကင်ဆာအကြောင်းပါ။
အရိုးမှာစဖြစ်တဲ့ ကင်ဆာအများစုဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုအဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ကြီးထွားသလို အရိုးတွေလည်း ကြီးထွားလာတဲ့ ကာလမှာ အရိုးမှာ အကျိတ်ဖြစ်နိုင်ခြေ ပိုများလို့ပါပဲ။
ကင်ဆာအမျိုးအစားများ…
အဖြစ်များတဲ့ အရိုးကင်ဆာ ၃ မျိုး ရှိပါတယ်။
Osteosarcoma က အဖြစ်အများဆုံး အရိုးကင်ဆာဖြစ်ပြီး ကလေးတွေနဲ့ အသက် ၂၀ အောက် လူငယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။
Ewing sarcoma ကလည်း ၁၀နှစ်ကနေ အသက် ၂၀ ကြားမှာ အဖြစ်များတဲ့ အရိုးကင်ဆာပါ။
Chondrosarcoma ကတော့ အသက် ၄၀ အထက် လူကြီးတွေမှာ ဖြစ်လေ့ရှိပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
- အရင်က ဓာတ်ရောင်ခြည် ကုသမှု ခံယူဖူးသူတွေ
- Paget's disease ရောဂါရှိသူတွေ
- Li-Fraumeni syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ရောဂါရှိသူတွေမှာ အရိုးကင်ဆာ အဖြစ်များပါတယ်။
ရောဂါလက္ခဏာ…
- အရိုးက နာနေကိုက်နေပြီး ပိုပိုဆိုးလာတာ
- အရိုးပေါ်မှာ အလုံးအကျိတ်ပေါ်လာပြီး ရောင်နေတာ၊ အကျိတ်က အဆစ်နဲ့နီးရင် လှုပ်ရှားမရတာ
- အလွယ်တကူ အရိုးကျိုးတာ
- အရိုးက အားနည်းနေလို့ ဖြစ်ဖြစ်၊ နာနေလို့ ဖြစ်ဖြစ် လမ်းလျှောက်ရင် ခြေတရွတ်ဆွဲနေတာတွေက အရိုးကင်ဆာရဲ့ လက္ခဏာတွေပါ။
ဘယ်လို ကုသမလဲ?
ဖြစ်တဲ့အမျိုးအစားနဲ့ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး ကုသမှု ခြားနားနိုင်ပါတယ်။
- ကင်ဆာဖြစ်နေတဲ့ အရိုးအစိတ်အပိုင်းကို ဖြတ်ထုတ်တာ၊ အဆင်ပြေရင် အရိုးအစားထိုး ပြန်တည်ဆောက်တာ
- Chemotherapy ကင်ဆာဆေးသွင်းကုသတာ
- Radiotherapy ဓာတ်ရောင်ခြည်ကင်တာ တွေကို လိုအပ်သလို ပေါင်းစပ်ကုသပေးပါတယ်။
အသက်အရွယ်၊ ကင်ဆာအမျိုးအစား၊ ကင်ဆာပျံ့နှံ့မှု အခြေအနေတွေပေါ် မူတည်ပြီး အသက်ရှင်သန်နိုင်နှုန်း ကွာခြားသွားနိုင်ပါတယ်။ ငယ်ရွယ်ကျန်းမာပြီး ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့မှုမရှိတဲ့ လူနာတွေဟာ ဖြတ်ထုတ်ပြီး ကုသမှုပြီးမြောက်အောင် ခံယူပြီးရင် အနည်းဆုံးငါးနှစ်ထိ အသက်ရှင်နှုန်း ရှိပါတယ်။
အရိုးအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကင်ဆာဟာ ကောင်းတဲ့ရောဂါ မဟုတ်ပါဘူး။ ကောင်းတဲ့ရောဂါ မဟုတ်ပေမယ့် ကင်ဆာဖြစ်တိုင်းစိတ်ဓာတ်ကျစရာ မလိုဘဲ ကြံ့ကြံ့ခံပြီး တွန်းလှန်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်